အင်တာနက်အသုံးပြု ရှာဖွေမှုလုပ်ငန်းများသည် အသိဥာဏ် တိုးတက်မှုအတွက် အထောက်အကူပြုနိုင်ကြောင်း သိရှိရသည်။ နောက်ဆုံးတွေ့ရှိရသော သုတေသန စစ်တမ်းတစ်ခုအရ အင်တာနက်တွင် ရှာဖွေစူးစမ်းမှုများ ပြုလုပ်လေ့ရှိသည့် လူလတ်ပိုင်းနှင့် သက်ကြီးပိုင်း အရွယ်များ၏ ဦးနှောက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် တိုးမြင့်လာကြောင်း သိရှိခဲ့ရသည်။ ယခင်နှစ်များအတွင်း ကွန်ပျူတာအသုံးပြုမှုနှင့် ဦးနှောက်စွမ်းရည်အကြား ဆက်စပ်မှုများကို စနစ်တကျလေ့လာမှုများ တိုးမြှင့်ပြုလုပ်လာခဲ့ကြသည်။ အထူးသဖြင့် Puzzleဂိမ်းကဲ့သို့ ဥာဏ်စမ်းပဟေဠိ ကွန်ပျူတာဂိမ်းများနှင့် မှတ်ဥာဏ်ဂိမ်းများကြောင့် ဦးနှောက်ပိုင်းဆိုင်ရာ တိုးတက်မှု၊ ထိခိုက်မှုများအား လေ့လာခဲ့ကြပြီး အင်တာနက် အသုံးပြုခြင်းနှင့် ဥာဏ်ရည်တိုးတက်ခြင်း ဆက်စပ်မှု ရှိမရှိဆိုသည်ကိုပါ ဂရုတစိုက် လေ့လာခဲ့ကြရာမှ ယခုရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။ အင်တာနက်တွင် ရှာဖွေမှုများပြုလုပ်ချိန်အတွင်း ဦးနှောက်ရှိ ဆဲလ်များအား ပိုမိုအလုပ်လုပ်ရန် လှုံ့ဆော်ပေးသလို ဓာတုဗေဒဖြစ်စဉ် ပြောင်းလဲမှုများ ပေါ်ပေါက်တတ်သောကြောင့် ဥာဏ်ရည်တိုးတက်ရေးအတွက် အကျိုးဖြစ်ထွန်းစေကြောင်း သိပ္ပံပညာရှင်များက အတည်ပြုပြောဆိုခဲ့သည်။ ဦးနှောက်ဖွံ့ဖြိုးပြီးသော အသက်အရွယ်တွင် အယ်လ်ဇိုင်းမားကဲ့သို့သော ရောဂါများဖြစ်ပွားနိုင်ချေ တိုးတက်လာမှုကိုလည်း အဆိုပါဓာတုဖြစ်စဉ်များက လျှော့ချနိုင်သည်ဟု သိရှိရသည်။ အမေရိကန်သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့က လူ(၄၅)ဦးအား စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့အနက်မှတစ်ဝက်သည် အင်တာနက်နှင့် ပတ်သတ်ပြီး ဗဟုသုတရှိပြီးဖြစ်ကာ ကျန်တစ်ဝက်မှာမူ အင်တာနက်လုံးဝ အသုံးမပြုတတ်သူများဖြစ်သည်။ သိပ္ပံပညာရှုင်များက အဆိုပါလူ(၄၅)ဦးအား အင်တာနက် အသုံးပြုကာ ရှာဖွေမှုများ ပြုလုပ်စေခဲ့ပြီး ၎င်းတို့၏ဦးနှောက်အတွင်း ဖြစ်စဉ်များ ပြောင်းလဲနေမှုကို ခေတ်မီ နည်းပညာတစ်ရပ်နှင့် မှတ်တမ်းပြုစုခဲ့ပြီး ယခုကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အင်တာနက် အသုံးပြု ရှာဖွေနေသူတစ်ဦး၏ ဦးနှောက်အတွင်း သွေးစီးဆင်းမှုမှာ အနည်းငယ် ပြောင်းလဲသွားတတ်ပြီး စာဖတ်ခြင်းကဲ့သို့သော လုပ်ဆောင်မှုများထက် အကျိုးဖြစ်ထွန်းကြောင်း ပညာရှင်များကဆိုသည်။ ထို့ပြင် အဓိပ္ပါယ်ဖော်ပြရန် ခက်ခဲသည့် အခြားသော စွမ်းဆောင်ရည်များကိုလည်း အလိုလို လှုံ့ဆော်လာနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ ၎င်းတို့အနေနှင့် အင်တာနက်တွင် ရှာဖွေမှုများ ပြုလုပ်ခြင်းကြောင့် ဖြစ်လာနိုင်မည့် ကောင်းကျိုးရော၊ ဆိုးကျိုးများကိုပါ သိရှိနိုင်ရန် စီစဉ်ထားခဲ့ကြောင်း သုတေသီများက ၀န်ခံခဲ့သည်။ လက်ရှိအခြေအနေတွင် ရလဒ်ကောင်းများသာ တွေ့ရှိနေခဲ့ပြီး ယခုကဲ့သို့ အင်တာနက်နှင့် လူသားဥာဏ်ရည် ဆက်စပ်မှုအား ဆက်လက် သုတေသနပြုသွားဦးမည်ဟုလည်း သိရှိရသည်။
မြန်မာမိသားစုဖိုရမ်မှကူးယူဖေါ်ပြပါသည်
No comments:
Post a Comment